ရွှေ FM Radio Station ၏ (၂)နှစ်ပြည့်အထိမ်းအမှတ်

b27_07
ရွှေ FM Radio Station ၏ (၂)နှစ်ပြည့်အထိမ်းအမှတ် အမှတ်တရဆုချီးမြှင့်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲအား အောက်တိုဘာလ ၃ ရက်နေ့က မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ဖျော်ဖြေပွဲအား ည ၇ နာရီဝန်းကျင်ခန့်တွင် တေးသံရှင် စိုင်းအောင်ထီးခမ်းက ရှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့၏ ကပြမှုဖြင့် တွဲဖက်ဖျော်ဖြေကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ တေးသံရှင်များ ဖြစ်ကြသော နီနီခင်ဇော်၊ ကျော်သီဟ၊ မေသူ၊ သြရသတို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ယင်းအနုပညာရှင်များ၏ ဖျော်ဖြေမှုအပြီးတွင် တစ်နှစ်တာပရိသတ်အများဆုံး တောင်းဆိုခြင်းခံရသည့် စုံတွဲအဆိုရှင်ဆုအား ချီးမြှင့်ခဲ့ရာ 'လိုက်ဖက်တဲ့ ဘ၀' တေးသီချင်းသီဆိုသူ R ဇာနည် နှင့် ၀ိုင်းဆုခိုင်သိန်းတို့က ရရှိသွားခဲ့ကြသည်။ ယင်းနောက် တေးသံရှင်ဖြူ ဖြူကျော်သိန်း၊ L ဆိုင်းဇီနှင့် ရိန်မိုး တို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး တစ်နှစ်တာ ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသားတေးသံရှင် ဆုအား ချီးမြှင့်ခဲ့ပါသည်။ ယင်းဆုကို 'အသင့်ရှိသူ' တစ်ကိုယ်တော်တေး စီးရီးဖြင့် ပရိသတ်အသိအမှတ်ပြုမှုရရှိခဲ့သည့် အဆိုတော် ဉာဏ်လင်းအောင်က 'သူငယ်ချင်း' သီချင်းဖြင့် ရရှိခဲ့ပါသည်။

ဖျော်ဖြေမှုအစီအစဉ်အား ဆက်လက်ကျင်းပခဲ့ရာ ဉာဏ်လင်းအောင်၊ ကိုင်ဇာနှင့် ဇော်ပိုင်တို့က ပရိသတ်များနှင့် အပေးအယူမျှတစွာ သီဆိုဖျော်ဖြေခဲ့ပြီး ပရိသတ်များ၏ လက်ခုပ်သံအား သိမ်းယူနိုင်ခဲ့သည်။ ယခုတစ်ကြိမ်ဆုပေးမည့် အစီအစဉ်ကတော့ တစ်နှစ်တာပရိသတ် တောင်းဆိုမှုအများဆုံး အမျိုးသမီးတေးသံရှင်ဆု ဖြစ်ပါသည်။ ယင်းဆုကိုတော့ တေးသံရှင် ဖြူဖြူကျော်သိန်းက 'ဒါဟာအချစ်လား' တေးသီချင်းဖြင့် ဆွတ်ခူးနိုင်ခဲ့ပါသည်။ ဖျော်ဖြေမှုအစီအစဉ်အား ဆက်လက်ကျင်းပခဲ့ရာ တေးသံရှင် R ဇာနည်နှင့် ဖြူဖြူကျော်သိန်းတို့က Plus- 3 တေးဂီတ၀ိုင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ဆက်လက်၍ အင်တာနက်မှ ပရိသတ်တောင်းဆိုမှုအများဆုံး တေးသံရှင်ဆုကို ချီးမြှင့်ခဲ့ရာ 'တောင်းပန်တယ်' သီချင်းအားသီဆိုသူ Reason အဖွဲ့မှ တေးသံရှင်'အောင်လ' က ရရှိခဲ့သည်။ အောင်လကသူ၏ Reason တေးဂီတ၀ိုင်းဖြင့် တေးသီချင်းများကို သီဆိုဖျော်ဖြေကာ ဖျော်ဖြေပွဲအား အဆုံးသတ်ခဲ့ပါသည်။

0 comments: